ဥဒါန်းပါဠိတော်၊ ဧကပုတ္တကသုတ်

•September 5, 2012 • Leave a Comment

”ချစ်အပ်သော သဘောရှိသော ရူပက္ခန္ဓာ စသည်တို့၌ သာယာမှုဖြင့် တပ်မက်ကြသော နတ်အပေါင်း တို့သည် လည်းကောင်း၊ လူအပေါင်းတို့သည် လည်းကောင်း ဆင်းရဲကုန်လျက် ဆုတ်ယုတ်ကုန်၍ သေမင်း၏အလိုသို့ လိုက်ပါကြရကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် နေ့၌ လည်းကောင်း၊ ညဥ့်၌ လည်းကောင်း မေ့လျော့ခြင်း မရှိဘဲ
ချစ်အပ်သော သဘောရှိ သော ခန္ဓာငါးပါးကို စွန့်ကုန်၏။ထိုပုဂ္ဂိုလ်တို့သည်လွန်မြောက်နိုင်
ခဲသည့်  သေမင်းသုံးသပ်အပ်သော ဝဋ်ဆင်းရဲ အမြစ်ကို တူးဖြိုနိုင်ကုန်၏”

မြတ်ဗုဒ္ဓ

Image

ဥဒါန်းပါဠိတော်၊ သက္ကာရသုတ်

•September 5, 2012 • Leave a Comment

”ရွာ၌ လည်းကောင်း၊ တော၌ လည်းကောင်း၊ ချမ်းသာဆင်းရဲနှင့် တွေ့ထိသော် ဤချမ်းသာ ဆင်းရဲသည် မိမိကြောင့် လည်းကောင်း၊ သူတစ်ပါး ကြောင့် လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ၊ တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကို စွဲ၍ တွေ့ထိကုန်၏။ ခန္ဓာငါးပါး မရှိသူကို အဘယ်အကြောင်းကြောင့် တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း”

မြတ်ဗုဒ္ဓ

Image

ဥဒါန်းပါဠိတော်၊ ရာဇသုတ်

•September 5, 2012 • Leave a Comment

”လောက၌ ကာမချမ်းသာသည် လည်းကောင်း၊ နတ်၌ ဖြစ်သော ချမ်းသာသည် လည်းကောင်း ဤချမ်းသာတို့သည် တဏှာကုန်ရာ (ဖလသမာပတ်) ချမ်းသာ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်”

မြတ်ဗုဒ္ဓ

Image

မြတ်ဗုဒ္ဓ နှင့် မုစလိန္ဒနဂါးမင်း

•June 14, 2011 • Leave a Comment

အခါတစ်ပါး၌ သုံးလောက ထွဋ်ထား သဗ္ဗေညုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဘုရား ဖြစ်တော်မူကာစ ဥရုဝေလ တော နေရဉ္ဇရာ မြစ်ကမ်းနားနံဘေး ပေါက်ရောက်နေသော ကျည်းပင်ရင်း၌ စံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေ ကာ ဖလသမာပတ်ကို ခံစားလျက် တစ်ထိုင်တည်းထိုင်နေတော်မူ၏။

ထိုအချိန်အခါသမယတွင် ချမ်းအေးသောလေ နှိပ်စက်သည့် ခုနစ်ရက်ပတ်လုံး စွေသောအခါမဲ့ မိုးကြီးသည် ရွာသွန်းလေ၏။ ထိုအခါ မုစလိန္ဒနဂါး မင်းလည်း မိမိဗိမာန်မှ ထွက်လာပြီးလျှင် မြတ်စွာဘုရားကို အအေးဒဏ်၊ အပူဒဏ်၊ ခြင၊် မှက်၊ လေဒဏ်၊ နေပူဒဏ်၊ မြွေ ကင်း သန်းတို့၏ ကိုက်ခဲခြင်းမှ ကင်းဝေစေခြင်းအလိုဆန္ဒဌာ နှလုံးသွင်း၍ မြတ်စွာဘုရားရှင်၏ ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသော ပါးပျဉ်းကို မိုးလျက် ကာကွယ်ပေးထားလေ၏။

ထိုပြင်းထန်သော အခါမဲ့မိုးကြီး ရွာသွန်းခဲ့သော ခုနစ်ရက်ကို ကျော်လွန်သွားသော အချိန်တွင် မြတ်စွာဘုရားသည် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူလေ၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက် ကင်းစင်နေသည်ကို သိ၍ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှ အခွေတို့ကို ဖြေ၍ နဂါးမင်းအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင်ကို ပြန်လည်ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား ရှေ့မှောက်၌ ရပ်တည်၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းအရာကို သိတော်မူသော အချိန်၌

“မဂ်ဥာဏ်လေးပါတည်း ဟူသော ရောင့်ရဲခြင်း ရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာ ပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ၀ိဝေကသည် ချမ်းသာ၏၊ လောက၌ အမျက်မထွက်ခြင်းသည် လည်းကောင်း၊ သတ္တ၀ါ အပေါင်းတို့၌ (မညှဉ်းဆဲမိအောင်) စောင့်စည်းခြင်းသည် လည်းကောင်းချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟု ဆိုအပ်သော စွဲမက်မှု “ရာဂ” ကင်းသည့် အဖြစ်သည်ချမ်းသာ ၏။ ငါဟူသော မာန်ကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာခြင်း ဖြစ်၏”

ဟု ဤဥဒါန်းကို ကျူးရင့်တော်မူလေသည်။ ဥဒါန်းပါဠိတော်၊ မုစလိန္ဒ၀ဂ်၊ မုစလိန္ဒသုတ်

မှတ်ချက်။ စာဖတ်သူများ ချောမွေ့စေရန်အတွက် အနည်းငယ်တည်းဖြတ်ပါသည်။ သို့သော် မူရင်းပါဠိတော်မြန်မာပြန်၏ ဆိုလိုရင်း အနှစ်သာရများအား တိမ်းပါးသွားခြင်းအလျှင်းမရှိပါ…..

ဗုဒ္ဓဟောကြား မြတ်တရားရေးသားပူဇော်သည်……

ကျွန်တော် နှင့် အထုပ်ကြီးများ

•May 27, 2011 • Leave a Comment

မနေ့က….လမ်းမပေါ်တွင် လွယ်အိပ်ကြီးတစ်လုံးကို ကိုင်၍ လျောက်သွားနေသူတစ်ယောက်အား စာေ၇းသူမြင်တွေရလေသည်။ ထိုသူအား မကြာမကြာ ဘတ်စ်ကားပေါ်တွင်လည်းကောင်း၊ လမ်းမများပေါ်တွင်လည်းကောင်း၊ ဆိုင်တစ်ခု၏ ဘေးဘီဝဲယာတွင်လည်းကောင်း အထုပ်ပေါင်းများစွာ လွယ်လျက်တစ်မျိုး၊ ကိုင်လျက်တစ်ဖုံ၊ ထမ်းလျက်တစ်သွယ် မြင်တွေ့ပေါင်း များခဲ့တာကြာပါဘီ။ တွေ့တိုင်းလည်း စပ်စပ်စုစုလေးဖြင့် သတိမူနေမိသည်။ ၎င်း၏ အိပ်များထဲတွင် အ၀တ်အစားအဟောင်းများ၊ ဖိနပ်အဟောင်းအ၇ံပေါင်းများစွာ၊ ဘီးတို၊ ဘီးစများ၊ ကျွတ်ကျွတ်အိပ်အထုတ်များ၊ ပုတီးကုန်းများ၊ စာတိုပေစများ၊ ကော်ဖီမစ်ထုတ်များ၊ ဆေးများ နှင့် တိုလီမုတ်စပစ္စည်းများ အမျိုးပေါင်းများစွာ ပါဝင်ပေလိမ်မည်။ ထိုသူသည် ထိုအထုပ်ကြီးအား ၎င်းသွားလေရာ နေရာများသို့ မနိုင်မနင်းထမ်းပိုးကာဖြင့် သွားရောက်သော ထုံးစံရှိပေသည်။ တစ်ခါတရံ ဘတ်စ်ကားပေါ်တွင် ၎င်းအထုပ်များနှင့် ကျကျနနထိုင်ကာ စားသောက်နေ လိုက်သေးသည်။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘယ်မှာဘဲအိပ်အိပ် ၎င်းအထုပ်များအား ပျောက်သွားမည့်အလား ကိုယ်နှင့်မကွာထိန်းသိမ်းထားပေသည်။ ထိုအထုပ်များသည် သူ့အတွက်တော့ တန်ဖိုးအနဂ္ဂထိုက်တန်ပေလိမ့်မည်။ သူသည်၎င်း အထုပ်များမှလွဲ၍ ပတ်ဝန်းကျင်ကို လည်းဂရုတစိုက်ကြည့်ရှုလေ့လာမည်မဟုတ်။ ၎င်းအထုပ်များကို ထမ်းပိုး၍ ခရီးနှင်နေရသည်ကိုလည်း မောပန်းရကောင်းမှန်းမသိ၊ သာယာကြည်နှူး၍ပင် နေသယောင်ယောင်ဖြစ်၏။ ထိုသူသည်ကား စာရေးသူတို့ ရပ်ကွက်အတွင်းမှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူလူတစ်ယောက်ဖြစ်ပေသည်။

ထိုသူအားကြည့်၍ စာရေးသူစိတ်သန္တာန်တွင်လည်း ဒီလူလိုပါဘဲ…စာရေးသူနဲ့ ယခုစာရှုသူကိုယ်တိုင်လည်းဘဲ… တစ်နေ့တစ်နေ့ သားသမီးတွေအခြေတကျလှပဖို့၊ ၀မ်းရေးဝဖို့၊ သူများထက်အနေသာဖို့၊ အနေချောင်ဖို့၊ ဖောဖောသီသီသုံးနိုင်ဖို့၊ သူများချမ်းသာသလို ကိုယ်လည်းချမ်းသာဖို့၊ ၀တ်ကောင်းစားလှလေးတွေဝတ်ဖို့၊ ဒေါသတွေ၊ လောဘတွေ၊ မောဟ၊ မာန်မာန၊ တဏှာ တွေကို အခြေခံထားတဲ့ မကောင်းမှု အကုသိုလ်တရားတွေကို ရှေးရှုပြီး ရှာလိုက်ဖွေလိုက် ရလာတဲ့ ဥစ္စာပစ္စည်း၊ ရထားတဲ့ ဥစ္စာပစ္စည်းများကိုလည်း နည်းနေသေးရင် များအောင်၊ များနေရင်လည်း ဒီထက်ဆထက်များစွာ ဖြစ်လာအောင် နေမနား၊ ညမနား အလုပ်ပေါင်းများစွာကို လုပ်ကိုင်နေရပါတယ်။ ရလာတဲ့ ဥစ္စာပစ္စည်း အနည်း၊ အများပေါ်မူတည်ပြီး စုလိုက်ဆောင်းလိုက်ရ၊ မပျက်မစီးအောင်ထိန်းသိမ်းလိုက်ရ၊ သူခိုးသူဝှက်ရန်မှ ကာကွယ်လိုက်ရ နဲ့ အထုပ်သေးများအား ကြီးလာအောင်၊ အထုပ်ကြီးများအားလည်း ဒီထက်ပိုကြီးအောင်ကြိုးပမ်းနေရ ပါတယ်။ ဒီအထုပ်များသည် စာရေးသူကိုယ်တိုင်ရော စာရှူသူတွေအတွက်ပါ အဖိုးအနဂ္ဂထိုက်တန်သည်ဟု ယူဆခဲ့ကြပြီးဖြစ်နေပါသည်။ ဤသို့ဆိုလျင် စာရေးသူတို့လည်း အပေါ်က စိတ်ပိုင်းဆိုင်ရာချို့တဲ့သူတစ်ယောက်နဲ့ ဘာများခြားနေဦးမှာလည်း သူလည်း သူ့အထုပ်ကို တန်ဖိုးထားဖက်တွယ်ထားသလို၊ စာရေးသူများလည်း ကိုယ့်အထုပ်ကို တန်ဖိုးထားဖက်တွယ်နေကြရတာပါဘဲ။ တစ်ချို့တစ်လေများဆိုရင် အိမ်မှာ အဟောင်းပစ္စည်းများကိုလည်း မပြစ်ရက်၊ မရောင်းရက်၊ မပေးရက်ကြပါဘူး။ “အော်..တစ်ချိန်မှာ လိုအပ်ရင်သုံးလို့ရတယ်ဟဲ့” ဆိုပြီး သိမ်းထား၊ စုထားဆောင်ထားရပါသေးတယ်။ ဒီလိုနဲ့ အဟောင်းတွေလည်း တောင်လိုပုံ၊ အသစ်တွေကလည်း ထပ်ထပ်ရောက်လာနဲ့ စွဲလမ်းတဲ့ တဏှာနဲ့ ထိန်းသိမ်းရတဲ့ တာဝန်တွေလည်းကြီးလာလို့ အထုပ်ပေါင်းမြောက်မြားစွာ ဖြစ်မှန်းမသိဖြစ် လာခဲ့ပါဘီ။

သုံးလောက ထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာကို လွှမ်းမိုးတိုက်ယူ သကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။” ဟု ကိသာဂေါတမီဝတ္ထု၊ ဓမ္မပဒပါဠိတော်ကြီးတွင် အတိအလင်း ဆုံးမတော်မူထားပြီးဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူများလည်း အကုသိုလ်အထုပ်၊ ကုသိုလ်အထုပ်တွေလည်း ကျောပေါ်မှာရော၊ ပုခုန်းပေါ်မှာရော၊ လက်ထဲမှာလည်း မနိုင်မနင်းနဲ့ သယ်ပိုးရင်း ဘ၀ခရီးကို ဆက်လက်ထွက်ခွာနေလိုက်ကြတာ အချိန်များလည်း တစ်ရွေ့ရွေ့နဲ့ မှတ်တိုင် တစ်ခုမှတစ်ခုသို့ လျှင်မြန်စွာဖြတ်ကျော်နေတာကိုလည်း သတိမထားမိခဲ့ပါဘူး။

ဒီလိုနဲ့ နောက်ဆုံးတစ်နေ့ ခရီးဆုံးကို အမှတ်မထင်ရောက်သွားတော့မှ ရှာထား၊ ဖွေထားတာတွေကို လွတ်ချရတော့မယ်ဆိုတဲ့ အချိန်မှာ စွဲလမ်းစိတ်နဲ့များ မလွတ်ချမိခဲ့ရင်၊ ထမ်းထား၊ ပိုးထားတဲ့ အကုသိုလ်အထုပ်တွေ ကို ယခင်ထဲက ဖြုတ်ချခဲ့ဖို့ မေ့နေခဲ့တယ်ဆိုရင် ဒါမှမဟုတ် လွတ်ချဖို့၊ ဖြုတ်ချလိုက်ဖို့ လက်တွန့်နေသေးတယ်ဆိုရင်တော့ ဒီအလေး အပင်တွေကို ၇ွက်လို့ သံသရာခရီးလမ်းကို ကြမ်းတမ်းခက်ခဲ၊ ပင်ပန်းဆင်းရဲစွာ ထပ်မံလျောက်ကြရအုံးမှာပါဘဲခင်ဗျာ….

ဗုဒ္ဓဟောကြား မြတ်တရားရေးသားပူဇော်သည်…..

တစ်စစဖြင့် ဖဲ့ထုတ်ရာ၏

•May 27, 2011 • Leave a Comment

မည်မျှမာကြောသော သစ်ပင်၊ သစ်တုံး၊ ကျောက်ဆိုင်၊ ကျောက်တုံးမဆို ကျွမ်းကျင်ပိုင်နိုင်သော ပန်းပုဆရာလက်အောက်တွင် ဆူး၊ ဆောက်၊ တူ များဖြင့် မလိုသည့် အရွယ်အစား၊ အပိုင်း၊ အစိတ်များကို ခွဲခြမ်းစိတ်ဖြာ၍ တဖြည်းဖြည်း စိတ်ရှည်၊ လက်ရှည် လုံလ၀ိရိယ အားဖြင့် လိုသလိုပုံသွင်းခြင်းဖြင့် လှပချောမောသော ပန်းပုအနုပညာလက်ရာများ ဖြစ်လာပေမည်။

မြတ်ဗုဒ္ဓ၏ ဟောကြားဆုံးမတော်မူထားသော တရားများ အရဆိုပါလျှင်

ပန်းထိမ်သည်သည် ရွှေ၏ အညစ်အကြေးကို တဖြည်းဖြည်း ထုတ်သကဲ့သို့ ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂစသော အညစ်အကြေးကို) ထုတ်ပယ်ရာ၏။

အညတရဗြာဟ္မဏ၀တ္ထု၊ ဓမ္မပဒပါဠိတော်

မိမိတို့ ခန္ဓာတွင်လည်း သံသရာတစ်လျောက်လုံး သန္ဓေတည်ခဲ့သော ၁၀ပါးသော ကိလေသာအမျိုးမျိုးအားလည်း စိတ်ရှည်ပိုင်နိုင်စွာ သတိ၊ သမာဓိ၊ ပညာတည်းဟူသော ကိရိယာတန်ဆာပလာများ ကို အသုံးချ၍ ၀ိပဿနာတည်းဟူသော ထက်မြတ်သော ဓမ္မလက်နက်ဖြင့် စဉ်ဆက်မပြတ်၊ တရစပ် အဖန်ဖန် ဖယ်ထုတ်ခြင်းဖြင့် အကြီးစား ကိလေသာ၊ အလတ်စားကိလေသာများ ကုန်ဆုံးပြီးသကာလ၊ အနုစားကိလေသာများကိုပါ အဆုံးစွန်ဖယ်ထုတ်နိုင်ခြင်းဖြင့် နိဗ္ဗာန်တည်းဟူသော ငြိမ်းအေးရာအမှန်သို့ ဆိုက်ရောက်ရပေမည်…..၎င်း ကိလေသာများအား ၀ိပဿနာတည်းဟူသော ဓမ္မလက်နက်တစ်ခုထည်းဖြင့်သာ ဖယ်ထုတ်နိုင်ရာ၏။

ဗုဒ္ဓဟောကြား မြတ်တရားရေးသားပူဇော်သည်…

ဆုံးမနည်းဒေသနာ

•May 20, 2011 • Leave a Comment

ကျွုန်ုပ်တို့ သုံးလောကထွဋ္ဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တစ်ပါးသောပုဂ္ဂိုလ်တို့အား ဆုံးမတော်မူရာတွင် နည်းလမ်းလေးသွယ်ဖြင့် ဆုံးမတော်မူလေသည်။ အကြင်ဒေသနာဖြင့် မြတ်စွာဘုရားသည် ဆုံးမနည်းတို့၌ တရားကို
ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

(၁)       မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို ” ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက် မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်လတ္တံ့ဟု သိ၏။

(၂)       မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို ” ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ရာဂ၊ အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေခြင်း မောဟ၊ တို၏လည်း ခေါင်းပါးသောကြောင့် ဤလူ့ပြည်သို့ တကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံသော သကဒါဂါမ် ဖြစ်လတ္တံ့ဟု သိ၏။

(၃)        မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို ” ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်း အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် အနှောင်အဖွဲ့ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေ နေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြု လတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ် ဖြစ်လတ္တံ့ဟု သိ၏။

(၄)        မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို ” ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်  အာသဝေါ တရားကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘ၀၌ပင် ထူးသောဥာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ ပြည့်စုံစေ၍ နေသော ရဟန္တာ ဖြစ်လတ္တံ့ဟု သိ၏။

ပါထိက၀ဂ်ပါဠိတော်၊ သမ္ပသာဒနီယသုတ်။

ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။

 
Follow

Get every new post delivered to your Inbox.